Yattaw

School for Community Studies

  • HOME
  • LIBRARY
    • Audio Book
    • Article
    • Bookshelf
  • OUR PROGRAM
  • GALLERY
  • ABOUT
  • CONTACT
  • Home
  • -
  • library
  • -
  • ကိုယ်ထိလက်ရောက် အပြစ်ဒဏ်ပေးခြင်း၏ အကျိုးဆက်များ

ကိုယ်ထိလက်ရောက် အပြစ်ဒဏ်ပေးခြင်း၏ အကျိုးဆက်များ

  • By: yattaw
  • June 25, 2023
  • Comments off

ကျွန်တော်ငယ်ငယ်က အာဖရိကမှာ ကျောင်းတက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်း နှစ်တွေမှာပါ။ ကျောင်းမှာ ဆရာတွေက ကျောင်းသူ/သားတွေကို ရိုက်တတ်ပါတယ်။ ဒါကို ကြိမ်ဒဏ်ပေးခြင်းလို့ခေါ်ပါတယ်။ ရှည်ပြီးတော့ ကွေးကောက်နိုင်တဲ့ ကြိမ်လုံးမျိုးနဲ့ပါ။ ဒီအစဉ်အလာဟာ ဆရာအချို့ကြားမှာတော်တော်လေး ရေပန်းစား ခဲ့ပါတယ်။ ကျောင်းသူ/သားတွေကတော့ ဒါကိုကြောက်စရာတစ်ခုအနေနဲ့ မြင်ကြပြီး ဆရာတွေဆီက ကြိမ်ဒဏ်ကိုလည်းလိုချင်မှာမဟုတ်ပါဘူး။ ကြိမ်ဒဏ် များများပေးတတ်တဲ့ ဆရာတစ်ဦး ရှိခဲ့ပါတယ်။ ကျောင်းသူ/သား အားလုံးဟာ သူ့ကို ကြောက်ရွံ့ ခဲ့ပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့ကိုမုန်းတီးခဲ့ကြပါတယ်။

ယောက်ျားလေးတွေဟာ မကြာခဏဆိုသလို လူရှေ့သူရှေ့မှာ ကြိမ်ဒဏ်ပေးခံရပါတယ်။ တစ်ခါတုန်းကတော့ စာရေးသူကိုယ်တိုင်လည်း အားကစားကွင်းထဲ ကျောင်းသူ/သားအုပ်စုရှေ့မှာ ကြိမ်ဒဏ်ပေးခံခဲ့ရတယ်။ သူတို့တွေကတော့ ဒါကို ရယ်စရာလို့ ထင်ကြဟန်တူပါတယ်။ တစ်ခါကလည်း စာရေးသူကို ကျောင်းအုပ်ကြီးရုံးခန်းကို ပို့ခဲ့ကြတယ်။ ကျောင်းအုပ်ကြီးဟာ အနက်ရောင် ကျောင်းအုပ်ဝတ်ရုံကြီးကို ဝတ်ထားပြီး တည်ကြည်တဲ့ အမျိုးသားဟန်ပန်ပါ။ သူက စာရေးသူရဲ့ ခေါင်းကို စားပွဲအောက်မှာ ငုံ့ထားခိုင်းပြီး နှစ်ချက် ရိုက်ခဲ့ပါတယ်။ ငိုခဲ့ရတာကို မှတ်မိနေပါတယ်။ ဒါပေမဲ့ ဒါဟာရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် မဟုတ်ဘဲ အရှက်တကွဲဖြစ်လို့ ငိုခဲ့တာဖြစ်ပါတယ်။

ကိုယ်ခန္ဓာကိုနာကျင်စေတဲ့ အပြစ်ဒဏ်ပေးခြင်းဟာ ကျောင်းလို အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်းမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများအပြားမှာ ဒါကို တားမြစ်ထားတာပါ။  သို့ပေမဲ့ ၂၀၁၉ ခုနှစ်ရဲ့ စာရင်းဇယားတွေအရ နိုင်ငံပေါင်း ၅၃ နိုင်ငံမှာပဲ ကိုယ်ခန္ဓာနာကျင်အောင်အပြစ်ပေးတာကို တရားဝင် တားမြစ်ထားတာကို တွေ့ရပါတယ်။

တရားမဝင်တဲ့ တားမြစ်ထားတဲ့ နည်းနဲ့ ကလေးတွေကို ဆက်လက်ပြီး အပြစ်ပေးနေတဲ့ ကျောင်းတွေလည်း ကမ္ဘာမှာ များစွာရှိနေပါသေးတယ်။ တကယ်တော့ ဒီဆောင်းပါးကို ရေးဖြစ်တာက ကင်ညာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေ ဆူပူသောင်းကျန်းနေချိန်မှာ  ကျောင်းတွေမှာ ကိုယ်ခန္ဓာနာကျင်အောင် အပြစ်ပေးတာကို  ပြန်ကျင့်သုံးဖို့ တောင်းဆိုမှုတွေ တိုးလာနေခဲ့တာကြောင့်ပါ။

၂၀၂၀ ခုနှစ်မှာ စာရေးသူရေးခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာ ပညာရေးမှာ သင်္ကေတအားဖြင့်၊ ဖွဲစည်းပုံစနစ်အားဖြင့်၊  ရုပ်ပိုင်းဆိုင်ရာအားဖြင့် အကြမ်းဖက်မှုများစွာရှိနေတယ်လို ရေးသားခဲ့ဖူး ပါတယ်။ ကိုယ်ခန္ဓနာကျင်အောင် အပြစ်ပေးတာက အဓိကအချက် ဖြစ်ပါတယ်။ ဒါဟာ ထိရောက်မှုမရှိတဲ့ အလေ့အကျင့်ဖြစ်ပြီးတော့  အရွယ်မရောက်သေးတဲ့ ကလေးငယ်များ သန်းပေါင်းများစွာကို စိတ်ဒုက္ခရောက်စေပါတယ်။ ဒီလို အပြစ်ပေးတာဟာ အလုပ်မဖြစ်ပါဘူး။ ဒါကို ရပ်တန့်သင့်ပါတယ်။ ကိုယ်ခန္ဓာနာကျင်အောင် အပြစ်ပေးတာဟာ ကောင်းတဲ့ အကြံဖြစ်တယ်လိုယူဆကြတဲ့ လူကြီးများစွာလည်းရှိပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ အကြောင်းအရင်းလေးချက်ကို မျှဝေ လိုက်ပါတယ်။

 

သင်ယူမှုနဲ့ ဦးနှောက်

အာရုံကြောဇီဝဗေဒမှာ သင်ယူခြင်း ဆိုတာဟာ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း ပြောထားပါတယ်။ အချက်အလက်အသစ်တွေကို စီမံရာမှာ အောင်မြင်ဖို့က သင်ယူသူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ထိတ်လန့် ကြောက်ရွံ့နေတဲ့အခြေအနေမှာ ဦးနှောက်ဟာ လက်ရှိကြုံနေရတဲ့ အနေအထားကနေ ထွက်ပြေးဖို့ ဒါမှမဟုတ် ပြန်ရင်ဆိုင်တိုက်ခိုက်ဖို့ကိုပဲ အာရုံစိုက်နေတတ်ပြီး အချက်အလက်တွေကို သေသေချာချာ ပေါင်းစပ်လို့ မရတော့ပါဘူး။ ပြီးတော့ အဆင့်မြင့်မြင့် ချဲ့ထွင်စဉ်းစား ဉာဏ်ကစားရတဲ့ ပေါင်းစပ်ဖန်းတီးတာ၊ အကဲဖြတ်တာမျိုးကိုလည်း မလုပ်နိုင်တော့ပါဘူး။  ကျောင်းသူ/သားတွေဟာ အရိုက်ခံရ မှာကို ကြောက်နေရတဲ့ အချိန်မျိုးမှာဆိုရင် ဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အာရုံ ပျံ့လွင့်ပြီး စိတ်မစူးစိုက်နိုင်ဘဲ သတင်းအချက်အလက်အသစ်တွေကို ဟန်ချက်ညီညီ ပေါင်းစပ်ဖို့ အခြေအနေမမျိုး မရတတ်ပါဘူး။

ကျောင်းသူ/သားတွေရဲ့ အပြုအမူကို အပြစ်ပေးတဲ့နည်းနဲ့ စည်းကမ်းထိန်းသိမ်းနိုင်တာ အမှန်ပါပဲ။ ၁၉၄၀ နှောင်းပိုင်းမှာ အမေရိကန် စိတ်ပညာရှင် BF Skinner ဟာ သူ့ရဲ့ Operant conditioning လို့ခေါ်တဲ့ သီအိုရီ ကို ပြသခဲ့ပါတယ်။ ဒီ သီအိုရီ စမ်းသပ်ချက်အရတော့ တယောက်ယောက်ကို တခုခုမလုပ်ဖို့ တားမြစ်တဲ့ အနေနဲ့ ရိုက်မယ် ဆိုရင် အချိန်ကာလ တခုကြာတဲ့အခါမှာတော့ အရိုက်ခံရတဲ့ သူဟာ တားမြစ်ထားတာကို ရှောင်လာပါတယ်။ အရိုက်ခံရမှာ စိုးလို့ပါ။ ဒါပေသိ ဒါမျိုးက အမြဲတော့မဟုတ်ပါဘူး။ သို့သော်လည်း ဒီလို အပြစ်ပေးတာက အလုပ်ဖြစ်တယ်ဆိုရင်တောင် ဒါကသင်ယူတာမဟုတ်ပါဘူး။  အပြုအမူနဲ့ဆိုင်တဲ့ စည်းမျဉ်း ပဲဖြစ်ပါတယ်။ ပြစ်ဒဏ်ပေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အပြုအမူကိုထိန်းချုပ်ဖို့ပဲဖြစ်တယ်ဆိုရင် အကြမ်းဖက် အပြစ်ပေးတာမျိုးက မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ အပြုအမူ ကိုထိန်းချုပ်ဖို့အတွက် အကြမ်းဖက် အပြစ် မပေးဘဲ အခြား လူသားဆန်တဲ့နည်းတွေနဲ့ ထိထိရောက်ရောက် စည်းကမ်းပေးနိုင်တဲ့ နည်းတွေ အများကြီး ရှိလို့ပါပဲ။

 

ဒဏ်ခတ်မှုတွေပိုများ

ဘယ်ကျောင်းမှာမဆို လူငယ်တွေဟာ ပြောစကားနားမထောင်တာ၊ စည်းကမ်းဖောက်ဖျက်တာ တွေရှိပါတယ်။ ဒါ့ကြောင့် သူတို့ကို ဒဏ်ခတ်အရေးယူတာတွေများလာမှာပါ။ အပြစ်ပေးဒဏ်ခတ်တယ်ဆိုတာကတော့ ပျော်စရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျောင်းသူ/သားတွေဟာ ကျောင်းစည်းကမ်းတွေကို ဆက်ပြီး ဖောက်ဖျက် လာတဲ့ အခါမျိုးမှာ  အပြစ်ပေး ဒဏ်ခတ်တာတွေ တိုးရပါတယ်။  နောက်ဆုံးမှာတော့ ကျောင်းထုတ်ပစ်လိုက်ရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီလို အဆင့်လိုက် အပြစ်ဒဏ်ပေးတဲ့ စနစ်ဟာ ဘာကိုပြသလဲဆိုတော့ ရှုတ်ချထိုက်တဲ့ ကဲ့ရဲ့ဖွယ်ရာ အပြုအမူဆိုးမျိုးကို  ကိုင်တွယ်ဖို့ တဆင့်ပြီး တဆင့် ပြင်းထန်လာတဲ့ အပြစ်ပေးတဲ့ ပုံစံကို ပြတာပါ။

ပြစ်ဒဏ်ပေး ဒဏ်ခတ်တဲ့ ပုံစံဟာ ရုပ်ပိုင်းဆိုင်ရာအရ (ရိုက်တာ၊ ကိုယ်ခန္ဓာနာကျင်အောင်ပြုတာမျိုး) ဖြစ်မယ်ဆိုရင် တယောက်ယောက်က စည်းကမ်း ဆက်တိုက်ဖောက်လာတဲ့ အခါမျိုးမှာ တိုးလာရမယ့် အပြစ်ပေးမှုဟာ စည်းကမ်းဖောက်တဲ့ သူကို ပိုပြီးတော့ ရိုက်နှက်တာ၊ ကိုယ်ခန္ဓာကို ပိုနာကျင်စေတာမျိုး ဖြစ်မှာပါ။ ဒီလိုမျိုး ရိုက်နှက်မှုတွေ ပိုများလာတာနဲ့အမျှ အရိုက်ခံရသူမှာ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုများလာနိုင်ပြီး တော်တော်ကို အန္တရာယ်များလာနိုင်ပါတယ်။ ခေါင်းမာတဲ့ ၊ အကျင့်စရိုက် မပြောင်းတဲ့ ကျောင်းသားတွေအတွက်တော့ ဒီလို ရိုက်နှက် အပြစ်ပေးခံရတာက အိပ်မက်ဆိုးတစ်ခုဖြစ်မှာပါ။ ဒီလိုကျောင်းသူ/သားမျိုးအတွက်ကတော့ ပြင်းပြင်းထန်ထန် အရိုက်ခံရတာမျိုးတွေက ပိုများပြီး ပိုကြမ်းတမ်းလာမှာပါ။

စံပြပုဂ္ဂိုလ်များ

 

ကျောင်းသူ/သားများတွေဟာ အရွယ်ရောက်ပြီးသူတွေကို အထူးသဖြင့် ဆရာတွေကို စံပြနမူနာ အဖြစ် မြင်လေ့ ရှိပါတယ်။ ဆရာတွေ ဒါမှမဟုတ် ကျောင်းအုပ်ကြီးရဲ့ တန်ဖိုးထားမှုတွေ၊ စကားအသုံးအနှုန်းအပြောအဆို နဲ့ အပြုအမူတွေဟာ လူ့ပတ်ဝန်းကျင်မှာ ဘယ်ဟာကတော့ လုပ်ရိုးလုပ်စဉ် ထုံးစံ၊ ဘယ်အရာကတော့ အမြတ်တနိုးတန်ဖိုးထားရမယ် အစရှိသဖြင့် ကျောင်းသူ/သားတွေအတွက် အတုယူစရာ ဖြစ်ပါတယ်။ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးတာဟာ လုပ်ရိုးလုပ်စဉ် ထုံးစံတစ်ခုလိုဖြစ်နေတယ်ဆိုရင် ကျောင်းသူ/သားတွေ ထင်မှတ်သွားနိုင်တာကတော့ အကြမ်းဖက်မှုဟာ လက်သင့်ခံလို့ရတဲ့ အရာ လို့ မှတ်ယူသွားနိုင်တာပါပဲ။ ဒီလိုဆိုရင် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု ပုံစံမျိုးစုံဟာ ဖြစ်နေကျ၊ မြင်နေကျ အရာလိုမျိုးဖြစ်လာနိုင်ပါတယ်။

ရိုက်နှက်အပြစ်ဒဏ်ပေးတာဟာ လူ့အသိုင်းအဝိုင်းထဲမှာ ကြမ်းကြုတ်တဲ့ သဘောထားအမြင်မျိုးကို ရှိလာစေပြီး လူငယ်တွေက အခြား လူငယ်တွေကို ထိုးကြိတ် တိုက်ခိုက်ဖို့ တွန်းအားဖြစ်စေတဲ့ အခြေအနေမျိုး ပေါ်လာစေနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အနိုင်ကျင့်မှု နဲ့ ကြမ်းတမ်းတဲ့စည်းကမ်းတွေအကြား ဆက်စပ်မှုကောင်းကောင်း ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ ကျောင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ ရိုသေလေးစားသမှုရှိရေး မြော်ရည်ချက်ကို စံထားချင်တယ်ဆိုရင် အပြုသဘောဆောင်တဲ့ စည်းကမ်း နဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ အလေ့အထမျိုးရှိလာအောင် ကြိုးပမ်းတာက ရိုက်နှက် အပြစ်ပေးဒဏ်ခတ်တာတွေထက် အပြောင်းအလဲကိုပိုပြီး ဖြစ်မြောက်စေပါတယ်။

 

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု

 

ကိုယ်ခန္ဓာနာကျင်အောင် အပြစ်ပေးတာဟာ ရေရှည်စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေပါတယ်။  ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာဟာ လက္ခဏာ ချက်ချင်းမပြဘဲ အရိပ်အမြွက် သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးမှ လက္ခဏာ ထင်ထင်ရှားရှား ပြတာပါ။  ကျောင်းမှာ ကလေးတွေကို ရိုက်နှက်တာဟာ သူတို့ဘဝတစ်လျှောက်လုံးအတွက် အမာရွတ်လို ဖြစ်သွားစေပါတယ်။  မကြာသေးခင်က လေ့လာချက်တွေအရ ရိုက်နှက်တာဟာ လူငယ်တွေမှာ အာရုံကြောပိုင်း ဆိုင်ရာ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ခြွင်းချက်တွေလည်းရှိပါတယ်။ တချို့ကလေးတွေတာ ရိုက်နှက် အပြစ်ပေးတာကြောင့် ဘာဆိုးကျိုးမှ မဖြစ်တာ၊ သူတို့အမှား အပြုအမူကိုမြန်မြန် ပြုပြင်တာ နဲ့ အပြစ်ပေးမခံရအောင် နေတာတွေလည်း ရှိပါတယ်။ အချို့ဆိုရင် ကလေးဘဝက ရိုက်နှက်အပြစ်ပေးခံခဲ့ရတာမို့ သူတို့ ကြီးပြင်းလာတဲ့အခါမှာ ရိုက်နှက်တာကို လုံးဝ ဆန့်ကျင်ပြီး ကလေးတွေကို ဘယ်တော့မှ လက်မပါတတ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါမျိုးကလည်း လူတွေရဲ့ ကိုယ်ရေးကိုယ်တာ စရိုက်လက္ခဏာတွေနဲ့ ဆက်စပ်နေပါပြီး လူတိုင်းဒီလိုဖြစ်မယ်လို့ ပြောဖို့ခက်ပါတယ်။

အကြိမ်ရေများများ ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးတာဟာ လူငယ်တွေကို ချိုးနှိမ်လိုက်ရာကျပြီး သူတို့အပေါ် မှာရက်စက်ကြမ်းကြုတ်ရာကျပါတယ်။  The Lancet အမည်ရ ပညာရပ်ဆိုင်ရာ သုတေသန စာစောင်မှာ ဖော်ပြထားတဲ့ သုတေသန အရတော့ ကျား မ မရွေး၊ လူမျိုးမရွေး၊ ကလေးပြုစုထိန်းကျောင်းတဲ့ ပုံစံမျိုးစုံ မရွေး ဘယ်လိုနေရာမှာ ဖြစ်ဖြစ် ကိုယ်ထိလက်ရောက် အပြစ်ပေးတာဟာ အပြုအမူ အကျင့်စရိုက်ကို မတိုးတက်စေဘဲ ပိုလို့ ဆိုးလာစေတယ်လို့ ဆိုထားပါတယ်။

 

ကိုးကား – https://theconversation.com/four-reasons-why-physically-punishing-school-children-doesnt-work-172627

Related posts:

  1. သဘာဝဂေဟဝန်းကျင်ကိုပျက်သုဉ်းစေခြင်းဆိုသည်
  2. ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။
  3. THE WINDOWS – YOUTH TRAINING
  4. 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 – 𝗨𝗣𝗣
  • ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
    Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: ပညာနိုင်ငံတော် – အခန်း –… Read more: ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
  • ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
    Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: Gardens of Hope –… Read more: ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
  • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
  • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
Copyright © 2025 Yattaw . All Rights Reserved.